Wednesday, March 27, 2013

Rice water toner (ဆန်ဆေးရေ toner)

ခေါင်းစဉ်ဖတ်ပြီးတော့ ဘာကြီးလဲဟလို့ မျက်လုံးပြူးမသွားနဲ့နော်။ ဟုတ်ပါတယ်။ Rice water toner ဆိုတော့ ဆန်ဆေးရေ toner  ပေါ့။ ဆန်ဆေးရေဟာ ဟိုးအရင်တုန်းကဆို ပန်းကန်ခွက်ယောက်ဆေးတဲ့နေရာမှာ သုံးပါတယ်တဲ့။ (အဖိုးပြောတာနော် သူတို့ခေတ်တုန်းက ဆပ်ပြာစျေးကြီးလို့တဲ့) ^_^ နောက်ပြီး ကြက်ဟင်းခါးသီးမချက်ခင် ဆန်ဆေးရေနဲ့ ဆေးရင် အခါးသက်သာတယ်လို့လဲ ဆိုကြပါတယ်။ ဟိုးအရင် အာရှအမျိုးသမီးတွေကတော့ ဆန်ဆေးရေနဲ့ မျက်နှာသစ်ကြတယ်တဲ့။ ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးခြင်းအားဖြင့် အသားအရေ ဖြူဖွေးချောမွေ့လာစေသလို၊ ဆန်ဆေးရေမှာပါဝင်တဲ့ PABA (Para aminobenzoic acid)က sunblock လိုပဲ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆန်ဆေးရေနဲ့ ပုံမှန်မျက်နှာသစ်ပေးတဲ့ အမျိုးသမီးဟာ သာမန်အမျိုးသမီးနဲ့ ယှဉ်ရင် ပိုပြီးတော့နုပျိုတယ်လို့လဲ ဆိုကြပါတယ်။ ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးလို့ ရသလို၊ နေ့စဉ်သုံး toner အဖြစ်လဲ သုံးလို့ရတယ်နော်။

ရန်ကုန်မှာတော့ မသိဘူး။ Elise တို့ဆီမှာတော့ brand ပေါ်မူတည်ပြီး တစ်ခုကို အနည်းဆုံး $2 - $4 အတွင်းမှာရှိတယ်။ ဗူးလိုက်ဝယ်ရင်တော့ နင့်နေတာပဲ စျေးက။ ၁၅ မိနစ်လောက်လေးကပ်ပြီး လွှင့်ပစ်ရတာဆိုတော့လဲ နှမျောတယ်။ ပြန်သုံးလို့ကလဲ မရဘူး။ Skin care အတွက်ဆိုတော့ online ကနေလဲ သိပ်မမှာချင်ဘူး။ အတုတွေနဲ့မိရင် ဒုက္ခ။ မိန်းကလေးဖြစ်နေတော့လဲ အခက်သား။ လှချင်ပချင်သေးတာကိုး။ အဲ့ဒီတော့ ဝယ်သုံးတာပေါ့။ ဒါကြောင့် ရှေးလူကြီးတွေပြောတာ...လှတာမက်ရင် ညစာခက်မယ်တဲ့။ (သိပ်တော့မဆိုင်ပေမယ့် ကိုယ်လိုရာ ဆွဲတွေးလိုက်တယ်နော်) =D ကဲ...စကားရှည်နေတာနဲ့တင် လိုရင်းမရောက်တော့ဘူး။

ဒီနည်းက အလှအပကြိုက်သူ...ကိုယ့်အသားရေကို အမြဲတမ်းချောမွေ့နေအောင် ထိန်းသိမ်းချင်တဲ့ မိန်းကလေးတွေအတွက် ပိုလို့အသုံးဝင်မှာပါ။ အသားအရေ ထိန်းသိမ်းချင်တဲ့ ယောက်ျားလေးများလဲ အဆင်ပြေမယ်လို့ထင်ပါတယ်။  အဲ့ဒီတော့ ငွေလဲမကုန်၊ လူလဲမပင်ပန်း၊ အချိန်အကြာကြီးလဲပေးစရာ မလိုသလို၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့တင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးတစ်ခု မျှဝေလိုက်တယ်နော်။

Toner လုပ်ဖို့လိုအပ်တာလေးတွေကတော့...

  • ဆန် လက်တစ်ဆုပ်စာ 
  • ရေ (ရေကျက်အေးဆိုပိုကောင်းမယ်ထင်ပါတယ်။ ရေစိမ်းကျတော့ သန့်ပေမယ် မမြင်နိုင်တဲ့ ပိုးမွှားတွေပါနိုင်တဲ့ အတွက်ကြောင့်ပါ)
  • ပန်းကန်လုံး တစ်လုံး
  • Travel size liquid container


ဆန်ကို ပုံမှန်အတိုင်းပဲ ဆေးပါမယ်။ ပထမဆုံး ဆန်ဆေးရေကို မယူရင်ပိုကောင်းမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ရေမှာ ဆန်ဆေးလိုက်လို့ ထွက်လာတဲ့ ပိုးအသေလေးတွေ ထွက်လာတတ်တာကြောင့်ပါ။ ဒုတိယတစ်ရေလဲ စိတ်မချသေးဘူးဆိုရင်တော့ တတိယတစ်ရေကိုပဲ ယူပါ။ ဒါပေမယ့် အာနိသင်တော့ နည်းနည်းလျော့သွားပါမယ်။ ဆန်ဆေးရေ ကြည်သွားတဲ့အထိ ဆေးဖို့ မလိုဘူးနော်။ ပြီးရင်တော့ ကိုယ်လိုသလောက် ဗူးထဲထည့်ပြီး နေရောင် တိုက်ရိုက်မရတဲ့နေရာ (သို့) မှန်တင်ခုံမှာထားလိုက်ရုံပါပဲ။ Rice water toner မသုံးခင် မျက်နှာသန့်ရှင်းနေဖို့လဲ လိုပါတယ်။ မနက် မျက်နှာသစ်ပြီးခါစ တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီးခါစ တစ်ကြိမ် သုံးလို့ရပါတယ်။ toner ကို moisturizer မလိမ်းခင် ဂွမ်းနဲ့စွတ်ပြီး မျက်နှာတစ်ခုလုံးကို လိမ်းပေးပါ။ ခြောက်သွားပြီးဆိုတော့မှ ကိုယ်ပုံမှန်လိမ်းနေကျ moisturizer ဖြစ်ဖြစ်၊ သနပ်ခါးဖြစ်ဖြစ် လိမ်းလို့ရပါတယ်။

***ဗူးနဲ့ ထည့်မသိမ်းထားချင်ဘူးဆိုရင်တော့ နေ့တိုင်း ထမင်းမချက်ခင် ဆန်ဆေးတိုင်း ပန်းကန်လုံးလေးတစ်လုံးစာ သပ်သပ်ဖယ်ထားပြီး သုံးလို့လဲရတယ်နော်။***

စောနကပြောခဲ့သလိုပဲ face mask စျေးကြီးလို့ ဝယ်မသုံးချင်တဲ့သူများအတွက် paper towel ကို ဆန်ဆေးရေ စိမ်ပြီး face mask အနေနဲ့သုံးလဲရတယ်နော်။ ဘယ်လိုလုပ်လဲဆိုတော့...

ပန်းကန်လုံးတစ်လုံးထဲကို ဆန်ဆေးရေ လိုသလောက်ထည့်ထားပါ။
အရမ်းလဲမထူ အရမ်းလဲမပါးတဲ့ paper towel လိုပါမယ်။ City Mart or Ocean မှာ ရှာပြီးဝယ်လို့ရမယ်ထင်ပါတယ်။




ပြီးရင် paper towel ကို မျက်နှာပုံစံညှပ် (မျက်လုံး၊ အသက်ရှုဖို့ နှာခေါင်းပေါက်ရယ်၊ ပါးစပ်နေရာကို တော့ညှပ်ပေးရမယ်နော်)၊ ပုံစံတစ်ကျခေါက်ပြီး ဆန်ဆေးရေထည့်ထားတဲ့ ပန်းကန်လုံးထဲမှာ စက္ကူတစ်ခုလုံး စိုသွားအောင်နှစ်ပေးပါ။ (စက္ကူကို ပုံစံတစ်ကျခေါက်ခိုင်းတာက ပြန်ခွာရတာ လွယ်အောင်လို့ပါ) ပြီးရင် ပြန်ဆယ်ပြီး ရေညှစ်ပေးပါ။
ခေါက်ထားတဲ့အတိုင်း ပြန်ဖြန့်ပြီး မျက်နှာပေါ်မှာ ၁၅မိနစ်ခန့် ကပ်ထားပေးပါ။ ၁၅မိနစ်ပြည့်လို့ ပြန်ခွာလိုက်ရင်တော့ ပေါ့ပါးလန်းဆန်းတဲ့ မျက်နှာလေးတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ 

Photo credit goes to Google images. 





No comments:

Post a Comment