Monday, August 5, 2013

ခြောက်သွေ့သော အသားအရေ ပိုင်ဆိုင်သူများအတွက်

အားလုံးပဲ မင်္ဂလာပါ...

ဒီနေ့ ပြောပြချင်တဲ့ ခေါင်းစဉ်ကတော့  ခြောက်သွေ့တဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့မှုရှိတဲ့ သူတွေဟာ အရေပြား တင်းပြီး ယားယံခြင်း နှင့် အရေပြား ကွာခြင်းတို့တွေကို တခြားအသားအရေ ပိုင်ဆိုင်တဲ့ သူတွေထက် ပိုပြီးခံစားရတတ်ပါတယ်။ ရာသီဥတု အေးတဲ့အချိန်မှာဆို အသားအရေက ပိုမိုခြောက်သွေ့လွယ်ပြီး အသားကွဲခြင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် မျက်နှာမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း အရေပြားခြောက်တတ်တဲ့သူတွေ မိတ်ကပ်လိမ်းဖို့ရာ တကယ်ကို မလွယ်ကူပါဘူး။ အသားအရေခြောက်သွေ့တဲ့ သူတွေအတွက် lotions, moisturizers နှင့် creams တွေ တံဆိပ်အမျိုးမျိုး စျေးကွက်မှာ ရှိပါတယ်။ ဒီနေရာမှာ အထူးသတိပြုရမှာက အဲ့ဒီကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ ingredients တွေဟာ natural ingredient ဖြစ်ဖို့လိုအပ်ပါတယ်။ အရောင်းကောင်တာတွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပစ္စည်းတွေအများစုက ကြာရှည်ခံအောင် ပြုလုပ်ထားတာတွေကြီးပါပဲ။ Alcohol နှင့် fragrances  တွေ ပါဝင်တဲ့အတွက်ကြောင့် အသားအရေကိုပိုပြီး ခြောက်သွေ့စေပါတယ်။ Alcohol-free lotion, toner, cosmetic milk ( နို့ရည်), သဘာဝအတိုင်း ဖော်စပ်ထားတဲ့ skin care တွေ အသုံးပြုခြင်းဟာ ခြောက်သွေ့သော အသားအရေရှိသူတွေအတွက် အကောင်းဆုံးပါ။

အသားအရေခြောက်သွေ့မှုရှိတဲ့သူတွေဟာ ရေများများသောက်ဖို့ လိုအပ်သလို ရေချိုးရာမှာ အချိန်အကြာကြီး ရေချိုးခြင်းကို ရှောင်ရပါမယ်။ အနည်းဆုံး ၅ မိနစ် မှ ၁ဝ မိနစ်အထိ ရေချိုးချိန်ကို သတ်မှတ်ထားဖို့လိုပါမယ်။ ရေချိုးချိန်ကြာတဲ့အတွက် ကိုယ်ခန္ဓာကထွက်တဲ့ အဆီတွေဟာ ဆပ်ပြာတွေ ရေတွေနဲ့အတူ ပါသွားတတ်ပါတယ်။ ရေချိုးရင်လည်း ရေအေးနဲ့ ချိုးခြင်းထက် မပူ မအေး ရေနွေးနွေးလေးနဲ့ ချိုးတာ ပိုကောင်းပါတယ်။ ရေအေးဟာ အသားအရေကို ပိုပြီးခြောက်စေတဲ့အတွက်ကြောင့်ပါ။ နှစ်ရက်ခြား (သို့) သုံးရက်ခြားတစ်ခါ exfoliate/body scrub လုပ်ပေးပါ။ Exfoliate/body scrub လုပ်ပေးခြင်းအားဖြင့် အသားအရေကို ကြည်လင်စေတဲ့အပြင် dead cells တွေကိုလည်း ဖယ်ရှားပေးပါတယ်။ လူတိုင်းရဲ့ အသားအရေဟာ sebum လို့ခေါ်တဲ့ အဆီတစ်မျိုး ထုတ်လုပ်ပါတယ်။ ဒီအဆီဟာ ဦးရေခြောက်သွေ့ခြင်း နှင့် အသားအရေခြောက်သွေ့ခြင်း တို့မှ ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့သူတွေဟာ ဒီအဆီဓာတ်နည်းပါးခြင်းကြောင့်ပါ။ Moisturizer လိမ်းဖို့ မေ့တတ်တဲ့သူတွေ နှင့် အသားအရေကို ပိုမိုခြောက်သွေ့စေမည့် ဆပ်ပြာကို သုံးတဲ့သူတွေမှာဆိုရင် ထိုအဆီက လိုသည်ထက်ပိုပြီး နည်းပါးပါတယ်။ ဒီလိုမျိုး  အဆီထုတ်လုပ်မှု နည်းပါးသူတွေအတွက် အသားအရေ စိုစိုပြေပြေလေးဖြစ်အောင် နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

သံလွင်ဆီ - သံလွင်ဆီဟာ မိတ်ကပ်ဖျက်ရာမှာ အသုံးဝင်သလို အသားအရေ ထိန်းသိမ်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လက်ထဲကို သံလွင်ဆီ နှစ်စက် (သို့) လိုသလောက်ထည့်ပြီး မျက်နှာအနှံ့လိမ်းပါ။ ပြီးရင် ရေနွေးနွေးလေးစိမ်ပြီး ညှစ်ထားတဲ့ မျက်နှာသုတ်ပဝါကို (အရမ်းအထူကြီးမလို) မျက်နှာပေါ်မှာ အေးသွားတဲ့အထိ အုပ်ထားပေးပါ။ အသားအရေက သံလွင်ဆီကို လိုသလောက်စုပ်ယူသွားပြီး ကျန်တဲ့အဆီတွေကို သုတ်လိုက်ပါ။ ပြီးရင်တော့ dry skin အတွက်သီးသန့်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေး ဒါမှမဟုတ် moisturizing cleanser နဲ့သစ်ပြီး moisturizer လေးလိမ်းပေးပါ။

ထောပတ်သီး မျက်နှာဖုံး (Avocado mask) - ထောပတ်သီး တစ်ခြမ်းကို ကြေသွားအောင်ချေပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် ရောမွှေပါ။ အသားအရမ်းခြောက်သူတွေအတွက် ပျားရည် ထမင်းစားဇွန်း ၁ဇွန်း ထပ်ထည့်လို့ရပါတယ်။ အားလုံးသမအောင် မွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ ၂ဝ မိနစ်အထိထားပါ။ အချိန်ပြည့်သွားရင် ရေနဲ့ ဆေးချပါ။ ပြီးရင်တော့ moisturizer လိမ်းပေးပါ။

သံလွင်ဆီ နှင့် သကြား - သံလွင်ဆီ ထမင်းစားဇွန်း ၂ဇွန်း ကို သကြား ခွက်တစ်ဝက် (1/2 cup) နှင့်ရောမွှေပါ။ အားလုံးသမသွားရင် မျက်နှာအနှံ့ ညင်သာစွာ ၂မိနစ် ၃မိနစ်လောက် ပွတ်လိမ်းပေးပါ။ ပြီးရင် ရေနဲ့ အရင်ဆေးချပြီး ပုံမှန်အတိုင်း မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။

Oatmeal honey mask - ဒီနည်းကတော့ အရသာတွေ ဘာမှ မရောထားတဲ့ ကွေကာအုပ် နှင့် ပျားရည်လိုအပ်ပါတယ်။ ရန်ကုန်မှာ ဆိုရင် ရိုးရိုးကွေကာအုပ် (Quaker Oats) တွေကို City mart နဲ့ Oceans တို့လို supermarket တွေမှာ ဝယ်လို့ရမယ်ထင်ပါတယ်။ ကွေကာအုပ် ထမင်းစားဇွန်း ၂ဇွန်း၊ ပျားရည် ထမင်းစားဇွန်း ၁ဇွန်း တို့ကို ရေအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ အရမ်းကျဲ မသွားအောင် ရေကို လိုသလောက် နည်းနည်းချင်းစီထည့်ပါ။ မျက်နှာအနှံ့ ၂မိနစ် ကနေ ၃မိနစ်လောက်အထိ ပွတ်လိမ်းပေးပါ။ ဒီလိုလိမ်းပေးခြင်းအားဖြင့် exfoliate လုပ်ပေးသလိုဖြစ်တဲ့အတွက် မျက်နှာပေါ်က cells အသေတွေကို ဖယ်ရှားပေးပါတယ်။ ပြီးရင်တော့ ရေနဲ့ဆေးချပါ။ ဒီနည်းကို mask အနေနဲ့လဲ သုံးလို့ရပါတယ်။ Mask အနေနဲ့ သုံးမယ်ဆိုရင်တော့ ၁၅ မိနစ် မှ ၂ဝ မိနစ် အထိထားပြီး မျက်နှာ ရေဆေးရုံပါပဲ။ ပြီးရင် ပုံမှန်လိမ်းနေကျ moisturizer လိမ်းပေးပါ။

သံလွင်ဆီ နှင့် သကြား၊ Oatmeal honey mask ဒီနှစ်နည်းကတော့ မျက်နှာအပြင် တခြား အသားအရေခြောက်တဲ့နေရာတွေ အတွက်လည်း အဆင်ပြေပါတယ်။ အပေါ်ကနည်းတွေကို တစ်ပတ်ကို အနည်းဆုံး တစ်ခါ (သို့) နှစ်ခါ ရက်ခြားပြီး ပုံမှန်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ ရေချိုးပြီးတိုင်းလဲ အသားအရေမခြောက်သွားအောင် moisturizer နဲ့ lotion လိမ်းပေးဖို့လဲ လိုပါမယ်။ သနပ်ခါးလိမ်းမယ်ဆိုရင်လဲ moisturizer ကို အောက်ခံအဖြစ်လိမ်းပြီးမှ အပေါ်ကနေ သနပ်ခါးထပ်ဖို့အတွက် အကြံပေးပါရစေနော်။ သနပ်ခါးကြီးပဲ လိမ်းရင် အသားအရေက ပိုတင်းသွားတတ်လို့ပါ။ Elise ကတော့ moisturizer အရင်လိမ်းထားပြီး ၁ မိနစ် လောက်အကြာမှ သနပ်ခါးထပ်ပါတယ်။ ၁ မိနစ်လောက်ထားတယ် ဆိုတာကလဲ moisturizer မှာပါတဲ့ အာနိသင်တွေကို အသားအရေကစုတ်ယူဖို့ အချိန်ပေးတာပါ။

၁ မိနစ်ထက်တော့ ပိုမထားဘူး။ စိတ်မရှည်လို့... ^_^ 

ရေချိုးချိန်ကို ပုံမှန် ၁ဝ မိနစ်လောက် ထားမယ်...၁ဝ မိနစ်ထက် ပိုကြာတယ် ဆိုရင်လည်း အသားအရေကို ခြောက်သွေ့မသွားအောင် ရေချိုးပြီးတိုင်း lotions or creams တွေ လိမ်းမယ်... ရေကိုလည်း တစ်ရက်ကို အနည်းဆုံး ၈ ခွက် မှ ၁ဝ ခွက်အထိ ပုံမှန်သောက်ပေးမယ် ဆိုရင်တော့ အသားအရေ ခြောက်သွေ့မှု ကင်းဝေးပြီး စိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်မှာ အသေအချာပါပဲ။ တန်ဖိုးကြီးတဲ့ Spa တွေ သွားစရာ မလိုပဲ စျေးလဲသက်သာ အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းကောင်လေးတွေပါ။ အားလုံးပဲ အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီနည်းတွေက ကိုယ်တိုင် စမ်းဖူးလို့ အားလုံးကို ပြန်ပြီးမျှဝေတာပါ။ စမ်းကြည့်လို့ အဆင်ပြေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို ဒီပို့စ်လေးပြန် share ဖို့ မမေ့ပါနဲ့နော်။ လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးပါ..... =)

reference: www.everydayhealth.com