Thursday, July 20, 2017

စိတ်ထဲမယ် အစာမကြေတာ‌‌‌လေးတွေ

အားလုံးပဲ မင်္ဂလာပါ...

ဒီတစ်ခါပို့စ်ကတော့ ရင်တွင်းဖြစ်ပေ့ါ့နော်...စိတ်ထဲမှာတနုံ့နုံ့နဲ့ မနေနိုင်တော့လို့

ရွှေပြည်ကြီးကလာတဲ့ အချို့သောရွှေမြန်မာတွေရဲ့ အပြုအမူဟာ တစ်ခါတစ်လေ အရမ်းကို စိတ်ညစ်ဖို့ကောင်းတာပဲ။ ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်တာမဟုတ်တဲ့ ပစ္စည်းတွေဆိုလဲ စည်းမရှိကမ်းမရှိသုံးလိုသုံး၊ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးတွေနဲ့။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ သွားနေကြ ဘုန်းကြီးကျောင်းက ဝါဆိုပွဲရှိတဲ့အတွက် ကော်ပြန့်စိမ်းလှူဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ ထည့်စရာတစ်ခါသုံးပန်းကန်၊ ဇွန်း၊ ခက်ရင်းနှင့် တစ်သျူးစက္ကူ အပြည့်အစုံယူသွားဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ ပန်းကန်ရယ် စက္ကူရယ်ကလွဲလို့ ကျန်တာဘာမှကို မယူသွားဖြစ်ဘူး။ မဝယ်ထားတာလဲပါတာပေါ့လေ။ အစကတော့ ဘုန်းဘုန်းကျောင်းမှာ ဝယ်ထားတာတွေနဲ့ပဲသုံးမယ်ပေါ့။ ဟိုရောက်တော့လဲ သွားမယူဖြစ်ဘူး။  ဘာလို့လဲဆိုတော့ တစ်ခြားအစားအသောက်အလှူရှင်တွေမှာလဲ ဇွန်း သို့မဟုတ် ခက်ရင်းက ရှိမှာပဲဆိုတော့ ထွေထွေထူးထူးလုပ်ပြီး ဇွန်းမတပ်ပေးလိုက်တော့ဘူး။ ကော်ပြန့်စိမ်းက စုစုပေါင်း ၂၃၃လိပ် ဆိုတော့ ထည့်တဲ့ပန်းကန်က ၂၃၃ချပ်။ ဇွန်းတပ်ပေးမယ်ဆိုရင် အချောင်း၂ဝဝကျော်။ ဇွန်းတွေက တစ်ခါသုံးဖြစ်ပေမယ့် သုံးထားတဲ့ကော်အမျိုးအစားက အကောင်းကြီးမဟုတ်တောင် အဆိုးကြီးလဲမဟုတ်တဲ့အတွက် သေချာဆေးပြီးရင် ပြန်သုံးလို့ရပါတယ်။  သေချာစဉ်းစားကြည့်ရင်လေ တစ်ခါသုံးပြီး ပစ်လိုက်တာ တစ်ချောင်းတစ်လေဆို ဘာမှမဖြစ်ပေမယ့် အရေအတွက် ၂ဝဝကျော်ကို တစ်ခါပဲသုံးပြီး လွှင့်ပစ်တာကြတော့ သိပ်မကောင်းဘူးလားလို့။ (Eco-friendly လုံးဝကိုမဖြစ်တာပါ) ဒါက ကိုယ်လှူတဲ့ အစားအစာတစ်ခုအတွက်ပဲရှိသေးတာရယ်။ နောက်ထပ်အလှူရှင် ၉ယောက်တောင်ရှိသေးတယ်။ လာတဲ့ဧည့်ပရိတ်သတ်ကပဲ မရှိဆို အယောက် ၃၀၀ ၄၀၀ လောက်အသာလေး။ ဆိုတော့ အသုံးပြုတဲ့ စက္ကူပန်းကန်၊ ဇွန်း၊ ခက်ရင်း၊ ခွက်တွေ ဘယ်လောက်တောင်များရှိလိုက်မလဲ။ အဲ့ဒါကို ဇွန်း သို့ ခက်ရင်းမတပ်ပေးတော့ ဘယ်လိုစားရမှာလဲဆိုပြီး ဘုအတောခံရသေးတယ်။ တစ်ယောက်လဲမဟုတ်၊ နှစ်ယောက်လဲမဟုတ်။ ကိုယ်က ကုသိုလ်လိုချင်လို့ ငွေနှင့် အချိန်အကုန်ခံ၊ လူအပင်ပန်းခံပြီး လာလှူတာပါ။ စျေးလာရောင်းတာလဲ မဟုတ်ပါဘူး။ လူကိုဆက်ဆံသွားတာ စျေးသည်ကိုပြောသလိုမျိုး ဒါလေးတောင် မရှိရကောင်းလားဆိုတဲ့ ပုံစံမျိုး။ တစ်ခြားအလှူရှင်တွေဆီကရတဲ့ ဇွန်း သို့ ခက်ရင်းနဲ့ စားလဲဖြစ်ပါတယ်။ ကိုယ်တစ်ယောက်ထဲစားတာလေနော့။ စားထားတဲ့ဇွန်းနဲ့ပဲ တစ်ခြားဟာထပ်စားလိုက်လို့လဲ ဘာမှဖြစ်သွားမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တစ်လေပစ်လိုက်တဲ့ အမှိုက်ကဘာမှမပြောပလောက်ပေမယ့် လူအများကြီးက တစ်ခါတည်းနဲ့အများကြီး ပစ်တာကျတော့ သိသာတယ်လေ။ ကမ႓ာကြီးမှာ တစ်နေ့တစ်နေ့ လူတွေပစ်တဲ့အမှိုက်တွေဆိုတာ နည်းရောလား။ ကမ႓ာမြေကြီး ပူနွေးလာတာ၊ ရာသီဥတုဖောက်ပြန်လာတာတွေရဲ့ အဓိကတရားခံဟာ အဲ့ဒီစွန့်ပစ်ပစ္စည်းတွေကြောင့်ပါ။ တိုက်ရိုက်သက်ဆိုင်နေတာပါ။ ခုနောက်ပိုင်းစိတ်ထဲမှာဖြစ်နေတာက ကိုယ်လဲတတ်နိုင်သလောက် eco-friendly ဖြစ်အောင်နေတယ်။ သုံးတဲ့ပစ္စည်းတွေလဲ recycle ပြန်လုပ်ထားတာတွေပဲ ဝယ်သုံးတယ်။ မှန်ပါတယ်...တစ်ယောက်ထဲလုပ်လို့ဘာမှဖြစ်မလားဘူးဆိုပေမယ့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲလေနော်။ အဲ့ဒီအတွေးနဲ့ ဇွန်းမတပ်ပေးတာ ကျွန်မလုံးဝမမှားဘူးလို့ထင်တာပဲ။

ရေးချင်တာတွေရေးလိုက်ရလို့ စိတ်ထဲတော့ပေါ့သွားပြီ။ ဘလော့ဂ်ကို မျက်စိလည်ပြီးရောက်လာတဲ့သူတွေအားလုံး၊ အချိန်ကုန်ခံဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလဲစိတ်ကူးပေါက်လို့ ပို့စ်ရေးဖြစ်တာ။ နောက်ထပ်ဘယ်တော့စိတ်ကူးပေါက်မှ ရေးဖြစ်ဦးမလဲတော့ မသိဘူး။ အားလုံးပဲ မင်္ဂလာညချမ်းဖြစ်ပါစေနော်။