Saturday, July 27, 2013

Water Marble Nail Art

အားလုံးပဲ မင်္ဂလာပါ...

ဒီနေ့တော့ ၂ဝ၁၁ ခုနှစ်တုန်းက ကျောင်းက အတန်းတစ်ခုအတွက်  တင်ရတဲ့ paper တစ်ခုကို ပြန်ပြီး share လုပ်ချင်ပါတယ်။ ရန်ကုန်မှာ အခုနောက်ပိုင်း မိန်းကလေးတွေ တော်တော်များများ ခြေသည်း၊ လက်သည်းအလှပြင်လာကြတယ်နော်။ ကိုယ်တိုင်လည်း ရန်ကုန်ပြန်တုန်းက လက်သည်းအလှ သွားပြင်ဖြစ်သေးတယ်။ လက်သည်းတစ််ချောင်းကို ၁၅ဝဝ ပေးရတယ်။ ညီမဝမ်းကွဲလေး ခေါ်သွားတာဆိုတော့ ဆိုင် ဘယ်နားမှာမှန်း မမှတ်မိတော့ဘူး။ ခြေသည်း၊ လက်သည်း အလှပြင်တာတွေက မြန်မာပြည်မှာ ခေတ်စားတာ နည်းနည်းလေးတော့ ကြာပြီထင်တယ်။ (အနည်းဆုံး ၃၊ ၄ နှစ်လောက်တော့ ရှိမယ်ထင်တယ်နော်...မှန်းပြောကြည့်တာ...) အခုပြောမယ့် နည်းလေးက လက်သည်းအလှပြင်ဆိုင် သွားစရာ မလိုပဲ အိမ်မှာတင် ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလေးပါ။ ဒီနည်းလေးက ပေါ်တာကြာပြီ ဆိုပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အစပျိုးနေတာနဲ့ အလှဖော်နည်းလေး နာမည်တောင် ပြောဖို့မေ့နေတယ်။ Water Marble Nail Art လို့ ခေါ်ပါတယ်။ မြန်မာလိုပြောမယ်ဆိုရင်တော့ ရေထဲမှာ လက်သည်းနီ အစက်ကလေးတွေချ၊ ကိုယ့်စိတ်ကြိုက် ပုံဖော်ပြီး လက်သည်းအလှဖော်တဲ့ နည်းလို့ပဲ ပြောရမယ်ထင်တယ်။ ဒီနည်းက ခြေသည်းအတွက်တော့ မရပါဘူး။ မရဘူးဆိုလို့ စိတ်မညစ်သွားနဲ့နော်။ ခြေသည်းအတွက် နောက်ထပ် နည်းလမ်းလေးတစ်ခု ရှိပါတယ်။ ပိုစ့်အသစ် သပ်သပ် တင်ပေးပါ့မယ်။ =) လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ပုံဖော်နည်း အဆင့်ဆင့်တွေ အားလုံးကို ဓာတ်ပုံတွေနဲ့ တွဲပြီး ရှင်းပြပေးထားတယ်နော်။ အားလုံးပဲ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ စပြီ..... ^_^

လိုအပ်တဲ့ ပစ္စည်းများ

ရေ (အရမ်းလဲ မအေး၊ အရမ်းလည်းမပူ) room temperature ဆိုပိုကောင်းပါတယ်
ရေခွက် (တစ်ခါသုံး ပလပ်စတစ်ခွက် ဆိုပိုကောင်းပါတယ်)
နားကျပ်တံ
သွားကြားထိုးတံ (သို့) အကင် ကင်တဲ့ တုတ်တံ (ထိပ်ချွန်ဖြစ်ရပါမယ်)
ကတ်ကြေး
တိပ်
လက်သည်းဖျက်ဆေး
တစ်ခါသုံး လက်သုတ်စက္ကူ
ကြိုက်နှစ်သက်ရာ လက်သည်းနီအရောင်
အနည်းဆုံး ၂ ရောင်မှ ၃ရောင် (အနု၊ အရင့်)
Base coat
Top coat
လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံး

ပထမဆုံး ရေခွက်ထဲကို ရေ လိုသလောက်ဖြည့်ပါ။

လက်သည်းနီပုလင်းတွေကို ပုံထဲကအတိုင်း ဖွင့်ထားပါ။

 လက်သည်းအရောင်တွေ မဝါစေဖို့ base coat ဆိုးပါမယ်။ ခြောက်အောင်ထားပါ။

Base Coat ခြောက်သွားရင် water marble လုပ်တဲ့ အရောင် ထင်စေဖို့အတွက် အောက်ခံကို အဖြူရောင်ဆိုးပါတယ်။

(1)

(2) 
လက်သည်းအဖြူရောင် ခြောက်သွားပြီဆိုရင် ပုံ ၁ နဲ့ ၂ မှာပြထားတဲ့အတိုင်း တိပ်ကို ၂လက်မအရွယ် ညှပ်ပြီးကပ်ပါ။ တိပ်က မကပ်လဲ ရပါတယ်။ ကပ်ရင်တော့ ပိုကောင်းပါတယ်။ ဒါမှ လက်ကို ရေထဲနှစ်တဲ့အခါ လက်သည်းတဝိုက် ပေတာတွေ ဖျက်ဆေးအများကြီးသုံးပြီး ဖျက်စရာ မလိုတော့ဘူးပေါ့။ လက် ၁ဝ ချောင်းစလုံးကို ပုံပါအတိုင်း တိပ်ကပ်ပါ။


ပုံထဲကအတိုင်း ကိုယ်ဆိုးချင်တဲ့ အရောင်ကို ရေထဲ အစက်ကလေး တစ်စက်ချလိုက်ပါ။ လက်သည်းနီက သူ့အလိုလို ပျံ့သွားပါလိမ့်မယ်။ ဒီနေရာမှာ နှစ်တွေ အရမ်းကြာပြီး ပျစ်နေတဲ့ လက်သည်းနီ မဖြစ်ရပါဘူး။ ရေထဲမှာ လွယ်လွယ်နဲ့ မပျံ့တတ်လို့ပါ။

လက်သည်းနီကို ဘယ်ဘက်က ပုံစံမျိုးလောက် ရအောင်လုပ်ပါ။ အနည်းဆုံး ၁ဝစက်လောက် ခွက်ထဲကို အစက်ချရပါတယ်။ အစက်ချတဲ့ အနည်းအများလိုက် ကွာပြီး ထွက်မယ့်ပုံလဲ ကွာပါလိမ့်မယ်။ ပြီးရင် အလယ်ကပုံအတိုင်း အစက်ဝိုင်းရဲ့ ထိပ်ဆုံးကမဟုတ်ပဲ ဒုတိယအဝိုင်းလောက်ကနေ စပြီး စက်ဝိုင်းအတွင်း ဗဟိုအထိ တုတ်တံလေးထိပ်ကလေးနဲ့ အသာဆွဲပေးပါ။ ညာဘက်ကပုံလိုမျိုး မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါမယ်။

(ဘယ် မှ ညာ)

ကိုယ်လိုချင်တဲ့ အကွာအဝေး နည်းနည်းလေးခြားပြီး တုတ်တံထိပ်ကလေးနဲ့ ဆွဲသွားရင် ပထမဆုံးပုံကလိုမျိုး ပန်းပွင့်ပုံလေး ပေါ်လာပါမယ်။ ပွင့်ဖတ်တွေ ညီလာဖို့အတွက် အလယ်ကပုံလေးလို တုတ်တံလေးကို ဘယ်ညာအသာလေးလှည့်ပြီး ရေထဲကို နှစ်လိုက်ပါ။ ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင် တုတ်တံလေးကို အသာဆွဲထုတ်လိုက်ပါ။ နောက်ဆုံးကပုံလေးလိုမျိုး ပန်းပွင့်ပုံလေး ပေါ်လာပါမယ်။ ပန်းပွင့်ပုံဖေါ်နေစဉ် တုတ်တံမှာ ကပ်နေတဲ့ လက်သည်းဆိုးဆေးတွေကို လက်သုတ်စက္ကူနှင့် သုတ်ပေးပါ။ တုတ်တံထိပ်ချွန်နေမှ ပန်းပွင့်ပုံဖော်ရတာ အဆင်ပြေမှာပါ။

ပန်းပွင့်ပုံမှာ ကိုယ်လိုချင်တဲ့နေရာကို ရွှေ့ပြီး ဘယ်ဘက်ပုံမှာပြထားတဲ့အတိုင်း လက်သည်းကို ပန်းပွင်းနှင့် မျက်နှာချင်းဆိုင် တပြေးညီထားပြီး လက်ချောင်းကို ရေထဲကို နှစ်ချလိုက်ပါ။ ၅စက္ကန့် မှ ၁ဝစက္ကန့် အထိစောင့်ပါ။ လက်ကို ရေထဲကပြန်မထုတ်ခင်မှာ အလယ်ပုံကအတိုင်း မလိုတဲ့ လက်သည်းဆိုးဆေးတွေကို နားကျပ်တံလေးနဲ့ ရှင်းပေးပါ။ အားလုံးရှင်းသွားပြီ ဆိုရင်တော့ လက်ကို ရေထဲကထုတ်လို့ ရပါပြီ။ ညာဘက်ပုံက ပုံစံမျိုး ရလာပါမယ်။ လက်မကိုတော့ တစ်ချောင်းထဲ သပ်သပ်လုပ်တာ ပိုကောင်းပါတယ်။ လက်ညှိုး၊ လက်ခလယ်နှင့် လက်သကြွယ် သုံးချောင်းကိုတော့ တစ်ခါတည်း အတူတူ လုပ်လို့ရပါတယ်။ (လက်သည်းနီ ကုန်တာလဲ သက်သာတာပေါ့... =] ) ဒါပေမယ့် လက်သည်းမှာပေါ်မယ့် ပုံကတော့ တစ်ချောင်းချင်းစီ လုပ်ရင်ရတဲ့ ပုံစံလေးနဲ့တော့ ကွာပါလိမ့်မယ်။ 




ကပ်ထားတဲ့ တိပ်တွေကို ခွာပြီး လက်သည်းပတ်လည်မှာ ပေနေတဲ့ မလိုအပ်တဲ့ လက်သည်းဆိုးဆေးတွေကို နားကျပ်တံနှင့် ဖျက်ဆေးသုံးပြီး ဖျက်ပါ။ လက်သည်းဆိုးဆေးတွေ အားလုံးခြောက်သွားပြီဆိုရင်တော့ top coat လေးဆိုးပေးဖို့ပဲ ကျန်ပါတော့တယ်။ 


အားလုံး ပြီးသွားပြီဆိုရင်တော့ ငွေကုန်သက်သာပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ကိုယ်တိုင် လက်သည်းအလှပုံဖေါ်လို့ ရပါပြီ။ Elise အခုပြထားတဲ့ ပန်းပွင့်ပုံလေးကတော့ အခြေခံလေးပါ။ တဖြည်းဖြည်းနဲ့ ကျွမ်းလာရင် တခြားပန်းပွင့်ပုံစံ အမျိုးမျိုးလုပ်လို့ ရပါတယ်။ အခုနည်းလေးကို အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်။ စမ်းကြည့်ကြပါနော်။ Comment ပေးခဲ့လို့လဲ ရပါတယ်။ Cbox မှာလဲ comment ပေးခဲ့လို့ ရပါတယ်။ အိမ်မှာစမ်းကြည့်လို့ အောင်မြင်တယ်ဆိုရင်တော့ သူငယ်ချင်းတွေကို ဒီ post လေး ပြန် share ဖို့လဲ မမေ့ပါနဲ့နော်။  ^_^ စာအရေးအသား သိပ်မကောင်းပေမယ့် သည်းခံဖတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အားလုံးပဲ ပျော်စရာနေ့လေး ဖြစ်ပါစေ.....