Monday, November 19, 2012

ဖြူဖွေးသော သွားလေးများ

ဒီနေ့တော့ Elise သွား အကြောင်းရေးမယ်နော်။ ကိုယ်ကိုတိုင်လည်း သွား expert တော့မဟုတ်ပါဘူး။ ဒါပေမယ့် သိတာလေးတွေကို ပြန်ပြီးမျှဝေချင်တဲ့ အတွက်ကြောင့်ပါ။ ဒီပို့စ်မှာ သွားတွေ ဘာကြောင့် ဝါရတယ်...မဝါအောင် ဘယ်လို ထိန်းသိမ်းရမလဲအပြင် သွားဖြူအောင်လုပ်တဲ့နည်းလေး ပြောပြချင်ပါတယ်။

Elise ထင်တာလေးတစ်ခုပေါ့နော်...မြန်မာပြည်မှာရှိတဲ့ ယောကျ်ားလေး နဲ့ မိန်းကလေး တော်တော်များများဟာ သွားနဲ့ ပတ်သက်လို့ အရမ်းဂရုစိုက်တဲ့သူ ရှားတယ်။ ညအိပ်ရာဝင်ခါနီး ပုံမှန် သွားတိုက်တဲ့သူ Elise အသိတွေထဲမှာတော့ တော်တော်ကို ရှားပါတယ်။ သူများကိုသာပြောတာ...Elise လဲ တခါတလေ ပျင်းလို့ မတိုက်တဲ့ညတွေ ရှိတာပဲ။ ဘာပဲဖြစ်ဖြစ် သွားကို မနက်တစ်ခါ၊ ညအိပ်ခါနီးတစ်ခါ ပုံမှန်တိုက်ပေးခြင်းဟာ သွားပိုးမစားဖို့ ကာကွယ်ပေးတဲ့ အကောင်းဆုံးသော နည်းတစ်ခုပါ။ နေ့လည်စာ စားပြီးတိုင်းလဲ တိုက်ချင်တိုက်လို့ ရပါတယ်။ အိပ်ခါနီး သွားမတိုက်ချင်ဘူးဆိုရင်တောင် အနည်းဆုံး Mouthwash နဲ့တော့ ပလုပ်ကျင်းပေးပါ။ Listerine mouthwash ဆို ရန်ကုန်က စတိုးဆိုင်တွေ၊ City Mart တွေမှာ ဝယ်လို့ရနိုင်မယ် ထင်ပါတယ်။ အစာ စားပြီးတိုင်းလည်း ပလုတ်ကျင်းပေးဖို့လိုသလို floss လေးနဲ့ သွားကြားထဲမှာ ညှပ်နေတဲ့ အစာတွေကိုလည်း ထုတ်ပစ်ဖို့လိုပါမယ်။ သွားကြားထိုးတံ အရမ်းမသုံးဖို့တော့ အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ သွားကြားထိုးတံရဲ့ ထိပ်ကလေးက ဘယ်လောက်ပဲသေးသေး၊ floss လောက် မပါးတဲ့အတွက် သွားတွေကို ပိုပြီးကျဲစေပါတယ်။ floss ကျတော့ သွားကြားထိုးတံနဲ့ ထိုးလို့မရတဲ့ နေရာတွေအထိ ရောက်နိုင်သလို သွားကျဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခါ အစာစားပြီးတိုင်း လုပ်ပေးရင် ရပါတယ်။ (Elise ကတော့ ညစာစားပြီးရင် လုပ်ပါတယ်။)

သွားဝါခြင်း အကြောင်းရင်းနောက်တစ်ခုက ကော်ဖီ၊ လက်ဖ္ဘက်ရည်၊ စီးကရက် စသည်တို့ကို နေ့တိုင်းနီးပါး သောက်သူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ သူတို့ထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ သွားများကို စွန်းထင်းစေပါတယ်။ နောက်ပြီး ကော်ဖီ (သို့) လက်ဖ္ဘက်ရည် သောက်ခြင်းဟာ အာပိုခြောက်စေတဲ့အတွက် Saliva (တံတွေး) အထွက်နှုန်းကျဲစေပါတယ်။ ပုံမှန်ထက် တံတွေးအထွက်နှုန်း ကျဲတဲ့အတွက် သွားတွေမှာ ကော်ဖီရဲ့ အကြွင်းအကျန်တွေ ကပ်နေခဲ့တတ်ပါတယ်။ အဲ့ဒါကြောင့် ကော်ဖီသောက်ပြီးတိုင်း ပလုတ်သေချာကျင်းဖို့ မမေ့စေချင်ပါဘူး။ သွားတိုက်ပေးလို့လဲ ရပါတယ်။ ဒါမှမဟုတ် sugar free ပီကေတွေ ဝါးပေးခြင်းအားဖြင့်လည်း သွားဝါခြင်းကို ကာကွယ်ပေးပါတယ်။ အရမ်းချိုတဲ့ ပီကေတွေ မဝါးဖို့တော့ အကြံပေးပါရစေ။ ဝါးပါများပြီး သွားတွေ ပိုပြီးပိုးစားမှာစိုးလို့ပါ။

ကဲ...ကော်ဖီ၊ လက်ဖ္ဘက်ရည် တွေကြိုက်တဲ့ ကိုကို၊မမများ အတွက် ငွေကုန်သက်သာပြီး အိမ်မှာပဲ သွားတွေကို ဖြူအောင်လုပ်လို့ရတဲ့နည်းလေးပေးမယ်နော်။

လိုအပ်တာတွေကတော့

၁) Baking Soda

၂) ရှောက်ရည် (သို့) သံပရာရည်

၃) ဂွမ်း (သို့) နားကြပ်တံ

၄)သွားတိုက်တံ

၅) ပန်းကန်လုံး

ပန်းကန်လုံးထဲကို baking soda နည်းနည်း (လက်ဖက်ရည်ဇွန်းဖြင့် ၁ဇွန်း (သို့) လိုမယ်ထင်သလောက်) မှန်းပြီး ထည့်ပါ။ ပြီးရင် ရှောက်ရည် (သို့) သံပရာရည်ကို နည်းနည်းချင်းစီ ညှစ်ထည့်ပါ။ ၂မျိုးစလုံးကို သမအောင်မွှေပေးပါ။ ပျစ်မယ်ထင်ရင် ရှောက်ရည် (သို့) သံပရာရည် ထပ်ထည့်ပါ။ အရမ်းလဲ မပျစ်၊ အရမ်းလဲ မကျဲတဲ့ အနေအထားရောက်ပြီဆိုရင်ရပါပြီ။ ပထမဆုံး သွားတွေမှာကပ်နေတဲ့ သွားချေး၊ တံတွေးတွေကို ဂွမ်း (သို့) နားကြပ်တံလေးနဲ့ ခြောက်အောင်အရင်သုတ်ပါ။ ပြီးရင် ရောစပ်ထားတဲ့ mixture ကို သွားတွေမှာ ပွတ်ပြီး တစ်မိနစ်ထားပေးပါ။ ***တစ်မိနစ်ထက် ပိုပြီးမထားပါနဲ့။ baking soda နဲ့ ရှောက်ရည် (သို့) သံပရာရည်မှာ ပါတဲ့ အက်ဆစ်တွေက သွားပေါ်ယံကြွေသားတွေကို တိုက်စားသွားတတ်ပါတယ်*** တစ်မိနစ်ပြည့်ပြီဆိုရင် သွားတိုက်တံနဲ့ ဖွဖွတိုက်ပေးပါ။ **အရမ်းဖိမတိုက်နဲ့နော်** ဒီနည်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရပါမယ်။ ကိုယ်လိုချင်တဲ့ သွားအရောင်ရပြီဆိုရင်တော့ ၂ ပတ်ခြား တစ်ခါလောက် လုပ်ပေးရင် ရပါပြီ။

***စမ်းကြည့်လို့ သွားကျိန်းတာ၊ သွားကိုက်တက်လာတွေ ဖြစ်ရင်တော့ ဆက်မလုပ်ဖို့ အကြံပေးပါရစေ။ လူတိုင်းလူတိုင်းရဲ့ သွားတွေဟာ မတူညီသလို၊ ခံနိုင်ရည်စွမ်းကလဲ မတူညီပါဘူး။***

အဲ့ဒီလိုဖြစ်တယ်ဆိုရင်တော့ Whitening ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပဲတိုက်ပေးပါ။


Elise ကတော့ Crest ကထုတ်တဲ့ 3D White Vivid Toothpaste ကိုသုံးပါတယ်။ Colgate ကလဲ Whitening ပါတာတွေထုတ်ပါတယ်။ ဒါပေမယ့်  Crest 3D White Vivid လောက် သိသိသာသာ သွားတွေ ဖြူလာတာတော့ မတွေ့ဘူး။ Mouthwash တွေမှာလည်း Whitening ပါတာတွေလဲ ရှိပါတယ်။ တစ်ခါမှ မသုံးဖူးတဲ့ပစ္စည်း ဆိုရင်တော့ ဗူးကြီးအစား ဗူးသေးလေးတွေ အရင်စမ်းပြီး ဝယ်သုံးကြည့်ပါနော်။ ဒါမှ ကိုယ်နဲ့ အဆင်ပြေ မပြေသိရမှာလေ။

သွားလဲ နေ့တိုင်း မနက်၊ည ပုံမှန်တိုက်ပေးမယ်...ကော်ဖီ၊ လက်ဖ္ဘက်ရည်၊ ဆေးလိပ် သောက်တာတွေလဲ လျှော့ပေးမယ်...အစာစားပြီးတိုင်းလဲ floss လေးနဲ့ သွားကြားထဲက အစာအကြွင်းအကျန်တွေကို ပုံမှန်ထုတ်ပေးမယ်ဆိုရင်တော့ သွားပိုးစားခြင်းမှ ကင်းဝေးပြီး ကောင်းမွန်၊ခိုင်ခံ့၊ ဖြူဖွေးတဲ့သွားလေးတွေ ပိုင်ဆိုင်မှာ အသေအချာပါပဲနော်။






No comments:

Post a Comment