Thursday, October 11, 2012

ပျိုမေတို့ လှစေဖို့

ဒီတစ်ခါ ရေးမယ့် ပို့စ်ကတော့ မိန်းကလေးတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုလို့ ပြောလို့ရပါတယ်။ မိန်းကလေးတွေအတွက် တစ်ကိုယ်ရေ သန့်ရှင်းလှပမှုဟာ အရေးကြီးသလို အသားအရေ ပြေပြစ်မှုဟာလဲ တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ဆိုရမှာပါ။ ခေတ်နဲ့ အညီ လိုက်လျောညီထွေအောင် ဝတ်ဆင်ရာမှာ ဘယ်လောက်ပဲ လှအောင်ဝတ်ဝတ်၊ ဒူး၊ တံတောင်နှင့် ခြေမျက်စိနေရာတွေမှာ နဂိုအသားအရောင်ထက် ပိုပြီးမဲနေမယ်ဆိုရင် အရမ်းကို ကြည့်ရဆိုးပါတယ်။ ဒီလိုနေရာတွေမှာ လိုသည်ထက် ပိုပြီးမဲနေရတဲ့ အဓိက အကြောင်းရင်းကတော့  ဒူးခဏခဏထောက်တာ၊ တံတောင်ဆစ်ကို စားပွဲပေါ်မှာထောက်ထားတတ်တာ၊ ခြေမျက်စိကိုဖိပြီး တင်ပလ္လင်ခွေ နှင့် ပုဆစ်တုပ်အထိုင်များတာတွေ ကြောင့်ဖြစ်ပါတယ်။ ဒူးထောက်မယ်ဆိုရင်လဲ ထမီဝတ်ထားရင်တော့ ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကြမ်းပြင်နဲ့ ဒူးခေါင်းကြားမှာ ထမီခံနေတဲ့အတွက်ကြောင့်ပါ။ ထမီဝတ်ထားတာပဲ ဒူးခဏခဏထောက်လဲ ဘာမှမဖြစ်ပါဘူးဆိုပြီး ထောက်ပါများရင်တော့ မဲလာမှာပါပဲ။ စကတ်အတို (ဒူးပေါ်၊ ဒူးအောက်) ဝတ်ပြီး ဒူးထောက်တတ်တဲ့သူတွေထက် ဒူးမဲနှုန်း နှေးတာပဲရှိပါတယ်။ ကြမ်းပြင်မှာထိုင်မယ်ဆိုရင်လဲ အဝတ်စလေးဖြစ်ဖြစ် တစ်ခုခု ခြေမျက်စိအောက်မှာ ခုပြီးမှထိုင်ဖို့ မမေ့စေချင်ပါဘူး။ အဲ့ဒါကလဲ ခြေမျက်စိမဲတာ၊ အသားမာတက်တာတို့ကနေ ကာကွယ်ပေးတယ်လေ။  ကဲ...ဒီလိုမျိုးဖြစ်နေလို့ စကတ်ဝတ်ချင်တာ မဝတ်ရဲတဲ့ မမများ၊ ညီမလေးများအတွက် နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်တယ်နော်။

မှတ်ချက်။         ။ ဒီနည်းတွေက ချိုင်းမဲတာအတွက်လဲ သုံးလို့ရပါတယ်နော်။

လိုအပ်သောပစ္စည်းများ -

(၁) သံပရာသီး တစ်ခြမ်း
(၂) ပန်းကန်ပြား (သို့) ကြွေပန်းကန်လုံး
(၃) ဂွမ်း
(၄) မျက်နှာသုတ်ပဝါ (သို့) အသုံးမလိုတော့တဲ့ အင်္ကျီအဟောင်း (လျှော်ဖွတ်ပြီးသား)
(၅) ရေနွေး (အရမ်းပူစရာမလို)
(၆) Body lotion

ပထမဆုံး လှီးထားတဲ့ သံပရာသီး တစ်ခြမ်းကို ပန်းကန်ပြား (သို့) ကြွေပန်းကန်လုံးထဲသို့ အရည်ကုန်အောင် ညှစ်ပါ။ ပြီးရင် ဂွမ်းစဖြင့် သံပရာရည်ကို စုပ်ယူလိုက်ပါ။ ထို့နောက် ချိုင်း၊ ဒူးခေါင်း၊ တံတောင်ဆစ်နှင့် ခြေမျက်စိ (လိုအပ်တဲ့နေရာ) တို့ကို သံပရာရည်စွတ်ထားသော ဂွမ်းဖြင့်သုတ်ပြီး ၁၀မိနစ်ခန့်ထားပါ။ ၁၀မိနစ်ပြည့်ပြီဆိုရင်တော့   မျက်နှာသုတ်ပဝါ (သို့) အသုံးမလိုတော့တဲ့ အင်္ကျီအဟောင်းကို ရေနွေးနည်းနည်းစိမ်ပြီး သံပရာရည်ပွတ်ထားသော နေရာတွေကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ အသားအရည် မခြောက်အောင် lotion လိမ်းပေးပါ (ဒူးခေါင်း၊ တံတောင်ဆစ် နဲ့ ခြေမျက်စိ အတွက်။ ချိုင်းကတော့ ရေကိုသေချာခြောက်အောင် သုတ်ပေးရင် ရပါပြီ)။ ၂ရက်ခြား (သို့) ၃ရက်ခြား တစ်ခါလောက် ပုံမှန်လုပ်ပေးရင် ရပါပြီ။  

နောက်တစ်နည်းကတော့

Baking Soda နဲ့ ရေ...ဒီ ၂မျိုးကို စေးစေးလေးဖြစ်အောင် ရောမွှေပြီး လိုအပ်တဲ့နေရာတွေမှာ လိမ်းပြီး ၁၀မိနစ်ကနေ ၁၅မိနစ်လောက်ထိထားပါ။ ပြီးရင် အားလုံးစင်သွားအောင် ရေဆေးချပါ။ ဒါကတော့ ဒုတိယတစ်နည်း...

နောက်ဆုံးနည်းကတော့ အလွယ်ဆုံးပါ။ ပစ္စည်း ၁မျိုးထဲလိုပါတယ်။ ဘာလဲဆိုတော့ အာလူးပါ။ အာလူးကို ထပ်ခြမ်းလှီးပြီး (တစ်ဝက်က အရမ်းကြီးတယ်ထင်ရင် ကိုယ်လိုအပ်သလောက်ပဲ လှီးလဲရပါတယ်) ထွက်လာတဲ့ အာလူးအရည်ကို လိုအပ်တဲ့နေရာတွေမှာ စက်ဝိုင်းဝိုင်းသလို ၂မိနစ်ကနေ ၃မိနစ်လောက် လိမ်းပေးပါ။ ပြီးရင်တော့ ရေဆေးပေးပါ။ အာလူးရည်မှာ ပင်ကိုသဘာဝ အစွန်းချွတ်တဲ့အစွမ်း ပါတဲ့အတွက်ကြောင့် အသားအရေ အတွက် ပိုကောင်းစေပါတယ်။ ဒီနည်းကတော့ နေ့တိုင်းလုပ်လို့ ရတဲ့နည်းပါ။ အချိန်လဲ အဲ့ဒီလောက်မပေးရဘူးလေနော်။

ကဲ....ခုလောက်ဆိုရင်တော့ လူတွေကြားထဲ လက်မြှောက်ရမှာ ရှက်တဲ့ပျိုမေတွေ၊ အင်္ကျီလက်ပြတ်၊ စကတ်အတို မဝတ်ရဲတဲ့ ပျိုမေတွေ အတွက် အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်နော်။







No comments:

Post a Comment