Monday, September 17, 2012

Skin types

အားလုံးပဲ မင်္ဂလာပါနော်....
Elise လဲ ဘလော့ဂ်တစ်ခုဖွင့်ထားပြီး မရေးဖြစ်တာ တော်တော်တောင်ကြာနေပြီ။ ဒီနေ့  Elise ရေးမယ့် အကြောင်းအရာကတော့ ပို့စ်ခေါင်းစဉ်လေးကို ဖတ်ကတည်းက သိကြပြီလို့ထင်ပါတယ်။

မိန်းကလေးတိုင်းအတွက် beauty products (ဥပမာ- makeup, hair sprays, skin care) တွေဟာ နေ့တိုင်း မရှိမဖြစ်ပစ္စည်းလို့ ဆိုရမှာပါ။ ရာသီဥတု အခြေအနေအလိုက် သုံးရတဲ့ အလှကုန်ပစ္စည်းတွေရှိသလို၊ အသက်အရွယ် အလိုက်၊ အသားအရေ အမျိုးအစားလိုက် သုံးရတဲ့ အလှကုန်ပစ္စည်းတွေလဲ အခုခေတ်မှာ အများကြီးရှိလာပါပြီ။ ဒီလို ကုန်ပစ္စည်းတွေ အများကြီးရှိတဲ့အထဲက ကိုယ်နဲ့သင့်တော် လိုက်ဖက်မည့် အလှကုန်ကို ရွေးရတာ အခက်ဆုံးလို့တော့ ထင်မိတယ်။ ကိုယ်တစ်ခါမှ မသုံးဖူးတဲ့ အလှကုန်ပစ္စည်းဆိုရင် တစ်ခါတည်း ဘူးကြီး (full size) တွေဝယ်တာထက် ဘူးသေးလေးတွေ ဝယ်ပြီး အရင် တည့်မတည့် စမ်းသုံးကြည့်စေချင်ပါတယ်။ သုံးကြည့်လို့ ကိုယ့်အသားအရေနဲ့ တည့်တယ်၊ အဆင်ပြေတယ် ဆိုတော့မှ ဆိုဒ်ကြီးဝယ်သုံးတာ အကောင်းဆုံးပါ။ အဲ့ဒီလို ဝယ်သုံးဖို့ကလဲ ကိုယ့်မှာ ဘယ်လိုအသားအရေ ရှိတယ်ဆိုတာ သိထားမှရမှာနော်။ အဲ့ဒီအတွက် Elise သိတာလေးတွေကို ပြန်ပြီးမျှဝေလိုက်ပါတယ်နော်...

လူတိုင်းမှာ အသားအရေ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားကို သိထားခြင်းဟာလဲ အင်မတန်မှ လိုအပ်တဲ့အချက် တစ်ခုပါ။ ဒါမှ ကိုယ့်အသားအရေက ဘာနဲ့တည့်တယ်၊ မတည့်ဘူး၊ ဘယ်လိုပစ္စည်းမျိုးသုံးသင့်တယ်၊ မသုံးသင့်ဘူးဆိုတာ သိမှာလေ။ အခြေခံအသားအရေ အနေနဲ့ စုစုပေါင်း ၅ မျိုး ရှိပါတယ်။

(၁) Oily skin --- အဆီပြန်တဲ့ အသားအရေ

(၂) Normal skin --- အဆီလဲမပြန်၊ အရမ်းလဲ မခြောက်တဲ့ အသားအရေ

(၃) Dry skin --- ခြောက်သွေ့တဲ့ အသားအရေ

(၄) Combination skin --- တစ်ချို့နေရာတွေမှာ အဆီပြန်တတ်ပြီး၊ တစ်ချို့နေရာတွေမှာ ခြောက်သွေ့တတ်တဲ့ အသားအရေ

(၅) Sensitive skin --- နူးညံ့ပြီး အကြမ်းမခံနိုင်သော အသားအရေ

အဆီပြန်တဲ့ အသားအရေ (oily skin)ကတော့ မျက်နှာချွေးပေါက်များ ကျယ်ခြင်း၊ တင်းတိပ်နှင့် ဝက်ခြံ ပေါက်လွယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နှာခေါင်း၊ နှဖူး၊ ပါး နှင့် မေးစေ့ တွေမှာ လိုသည်ထက် ပိုပြီး အဆီပြန်လွယ်ပါတယ်။ မျက်နှာက အရမ်းအဆီပြန်တာပဲ ဆိုပြီးတော့ စိတ်မညစ်နဲ့နော်။ မျက်နှာအဆီပြန်တဲ့ အသားအရေကို ပိုင်ဆိုင်တဲ့သူရဲ့ အားသာချက်တစ်ခုက ငယ်ငယ်ရွယ်ရွယ်နဲ့ ပါးရေတွန့်ခြင်း၊ ရုပ်ရင့်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ အဲ့ဒီလို ကာကွယ်ပေးတယ်ဆိုပြီးတော့လဲ အသားအရေ ထိန်းသိမ်းစရာမလိုဘူးဆိုပြီး ဂရုမစိုက်ပဲ မနေနဲ့နော်။ အဆီပြန်တဲ့ အသားအရေ ရှိသူတွေအတွက်ထုတ်လုပ်တဲ့ skin care တွေကို သေချာရွေးဝယ်ဖို့ အကြံပေးပါရစေ။ ကိုယ်ဝယ်မယ့် ဘူးတိုင်းလိုလိုမှာ For Oily Skin ဆိုတဲ့ စာသားလေး ပါမပါသေချာကြည့်ဖို့လဲ လိုပါမယ်။

အဆီလဲမပြန်၊ အရမ်းလဲ မခြောက်တဲ့ အသားအရေ (Normal skin)က များသောအားဖြင့် ပြဿနာ ထွေထွေထူးထူး မရှိပါဘူး။ အလှကုန်ပစ္စည်း တော်တော်များများနဲ့ မတည့်မှာလဲ စိုးရိမ်စရာမရှိပါဘူး။ အသားအရေ အမျိုးအစား ၅ မျိုးထဲမှာ ထိန်းသိမ်းရတာ အလွယ်ဆုံးလို့ ဆိုနိုင်တဲ့ အနေအထားမှာရှိတယ်လို့ ဆိုရပါမယ်။

ခြောက်သွေ့တဲ့ အသားအရေ (Dry skin)ကို ပိုင်ဆိုင်တဲ့သူတွေက ရာသီဥတုက ဘယ်လောက်ပဲ စိုစွတ်မှုရှိပါစေ ရံဖန်ရံခါဆိုသလို အသားအရေ တင်းပြီး ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ အသားအရေဟာ ဝါတာတာလေးဖြစ်နေတတ်ပြီး၊ ချွေးပေါက်လေးများ သေးသလို၊ အသားအရေခြောက်သွေ့လို့ အရေခွံကွာခြင်းများကို ဖြစ်စေတတ်ပါတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် dry skin အတွက် သီးသန့်ထုတ်တဲ့ ကုန်ပစ္စည်းကို ရွေးချယ်သုံးသင့်ပါတယ်။ မျက်နှာကို တစ်နေ့ မနက်အိပ်ရာထခါစ ၁ကြိမ်၊ ညအိပ်ခါနီး ၁ကြိမ် စုစုပေါင်း ၂ ကြိမ် (မျက်နှာသစ်ဆပ်ပြာဖြင့်) သစ်ရင်လုံလောက်ပါတယ်။ ၂ ကြိမ် ထက်ပိုသစ်ခြင်းကို ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

တစ်ချို့နေရာတွေမှာ အဆီပြန်တတ်ပြီး၊ တစ်ချို့နေရာတွေမှာ ခြောက်သွေ့တတ်တဲ့ အသားအရေ (Combination skin)ကတော့ လူတော်တော်များများမှာရှိတဲ့ အသားအရေ အမျိုးအစားတစ်ခုပါ။ ဒီအသားအရေကို ပိုင်ဆိုင်တဲ့သူတွေက နှဖူး၊ နှာခေါင်း နှင့် မေးစေ့က အဆီပြန်တတ်ပြီး၊ ပါး နှင့်မျက်စိတစ်ဝိုက်မှာ ခြောက်သွေ့ပါတယ်။ Combination skin အတွက်ထုတ်တဲ့ products တွေလဲရှိပါတယ်။ မျက်နှာသစ်ဆပ်ပြာကို gel-based ဒါမှမဟုတ် mild foaming cleanser သုံးနိုင်ရင်တော့ အကောင်းဆုံးပါ။

 နူးညံ့ပြီး အကြမ်းမခံနိုင်သော အသားအရေ (Sensitive skin) ရှိတဲ့သူတွေကတော့ အသားအရေအားလုံးထဲမှာ ထိန်းသိမ်းရ အခက်ဆုံးပါ။ ဒီအသားအရေ ပိုင်ဆိုင်တဲ့သူတွေမှာ မကြာခဏဆိုသလို မျက်နှာ အနီကွက်ထခြင်း၊ မျက်နှာနှင့် ကိုယ်တွင် ဝက်ခြံ အများအပြားပေါက်ခြင်း နှင့် ယားယံခြင်း တို့ဖြစ်စေပါတယ်။ ဒီလိုမဖြစ်စေဖို့ sensitive skin အတွက် သီးသန့်ထုတ်လုပ်တဲ့ products/ skin care တွေကို ရွေးချယ်သုံးသင့်ပါတယ်။ မျက်နှာကို ခဏခဏ လက်ဖြင့်ကိုင်တွယ်ခြင်းကို အထူး ရှောင်ကျဉ်ရပါမယ်။ အတတ်နိုင်ဆုံး လက်ကို စင်ကြယ်စွာ ဆေးပြီးမှ မျက်နှာကို ထိ/ကိုင်တွယ်တာ အကောင်းဆုံးပါ။

ဆောင်ရန်

ကိုယ့်အသားအရေနှင့် တည့်သော မျက်နှာသစ်ဆေးကိုသုံးပါ။
အသားအရေကောင်းမွန်စေဖို့ အထောက်အကူပေးသော အသီးအရွက်များ၊ သစ်သီးဝလံများ စားပေးပါ။
မျက်နှာကို မနက်မိုးလင်း တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် ပုံမှန်သစ်ပေးပါ။
တတ်နိုင်သမျှ အိပ်ရေးဝဝ အိပ်ပေးပါ။

ရှောင်ရန်

ကိုယ်တိုက်ဆပ်ပြာဖြင့် မျက်နှာသစ်ခြင်းကို ရှောင်သင့်ပါတယ်။
ကိုယ်ပိုင် မျက်နှာသုတ်ပဝါ ထားပါ။ တစ်ခြားလူနှင့် တွဲမသုံးပါနှင့်။ တစ်ယောက်ယောက် ယူသုံးခဲ့သည်ရှိသော် လျှော်ပြီးမှ ပြန်သုံးပါ။ ဒါမှမဟုတ် အသစ်တစ်ခု ထပ်ထုတ်ပါ။
တစ်နေ့ အနည်းဆုံး ၂ကြိမ် (သို့) အများဆုံး ၃ကြိမ် ထက်ပိုပြီး မျက်နှာကို ဆပ်ပြာဖြင့် မသစ်ပါနှင့်။
မသန့်သောလက်ဖြင့် ဝက်ခြံညှစ်ခြင်းကို အထူးရှောင်ကျဉ်ပါ။








   

   

   

   



No comments:

Post a Comment