Tuesday, April 16, 2013

နှစ်သစ်မင်္ဂလာ ဆုတောင်း

မြန်မာစံတော်ချိန်နဲ့တွက်မယ်ဆိုရင်တော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါပြီ။

ပစိဖိတ်စံတော်ချိန်နဲ့တွက်မယ်ဆိုရင်တော့ ဒီနေ့က သင်္ကြန်အတက်နေ့ပေါ့နော်။ ရေလဲလုံးဝ မစိုလိုက်သလို သင်္ကြန်ဆိုတာလဲ ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ဘူး။ သင်္ကြန်နဲ့ ဝေးနေတာလဲ နှစ်အတော်ကြာနေပေမယ့် သင်္ကြန်ပိုးကတော့ ခုထိ မသေသေးဘူး။ ရန်ကုန်မှာ ရှိတဲ့သူငယ်ချင်းတွေကို မေးကြည့်ပါတယ်...သင်္ကြန်ဘာလုပ်ကြမှာလဲ၊ ဘယ်သွားကြမှာလဲလို့။ အားလုံးက တက်ညီလက်ညီဖြေကြတယ်။ အိမ်မှာပဲနေမယ်...ဘယ်မှာမသွားဘူးတဲ့။ အေးရော။ နေရာချင်းသာလဲလိုက်ချင်တယ်ကွယ်။ ကိုယ်တွေများ ရေခြားမြေခြားရောက်နေလို့ သင်္ကြန်ဆိုတာကို လွမ်းပေမယ့် သူတို့တွေက သင်္ကြန်မှာဘာမှ လုပ်မစရာမရှိ၊ ပျင်းစရာကြီးတဲ့။ ဒီလိုအချိန်ဆို ပြည်ပရောက်နေတဲ့ လူတိုင်းကို စာနာတယ်။ ကိုယ်လိုပဲ သူများတွေလဲ ဘယ်လောက်တောင် ပြန်ချင်လိုက်မလဲလို့။ ညီမလေးကတော့ ပျော်တယ်တဲ့ သင်္ကြန်ပြီးသွားလို့။ သင်္ကြန် ၄ရက်စလုံး အိမ်တွင်းပုန်းလုပ်နေရလို့တဲ့။ စိတ်လေပါတယ်လေ...ဘာပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ သင်္ကြန်မတိုင်ခင် မြန်မာပြည်မရ ရအောင်ကို ပြန်အုန်းမယ်။ အိမ်တွင်းပုန်း မမတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း အတင်းလိုက်ခေါ်ပြီး မဏ္ဍပ်တစ်ရက်လောက်ထိုင်၊ ကျန်တဲ့ရက်တွေကို ကားနဲ့လျှောက်လည်ပစ်လိုက်မယ်။ (အတွေးထဲမှာတော့ ဟုတ်နေတာပဲ...ဘယ်တော့ အကောင်အထည်ဖေါ်ဖြစ်မလဲသာ မသိတာ) အင်း.... ဒီလို အတွေးတွေနဲ့ပဲ တစ်နှစ်တော့ ပြီးသွားပြန်ပြီ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ...အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝကိုအဆင်ပြေပြေ လျှောက်လှမ်းနိုင်ကြပါစေ။ ရောဂါဘယတွေ ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်လည်း ပြည့်စုံကြပါစေ။ စီးပွားဥစ္စာတွေလဲ တိုးတက်ကြပါစေ။ လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ အဆင်ပြေကြပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။