Monday, March 23, 2015

အားလုံးပဲ မင်္ဂလာပါ။

ဘာလိုလိုနဲ့ ဒီဘလော့ဂ်လေးကို ပစ်ထားတာ တော်တော်ကြီးကို ကြာသွားတယ်။ ကြာဆို ၂ဝ၁၄ တစ်နှစ်လုံးပါပဲ။ ၂ဝ၁၄ က ကံကောင်းတဲ့နှစ်ခေါ်ရမလား...ကံဆိုးတဲ့နှစ်လို့ပဲ ခေါ်ရမလား ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး။ အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ လူမှုရေး၊ သာရေး၊ နာရေး အစုံပဲ။ အသက်တစ်ရက်ကြီးလာလေ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ တာဝန်ဝတ္တရားတွေက နောက်ကနေ ရထားတွဲကြီးလိုပဲ တန်းစီပြီးတော့ကို ပါလာတော့တာပဲနော်။ ဒါကြောင့် လူကြီးတွေ ပြောတာဖြစ်မယ်...ကလေးက ကလေးလိုနေဆိုတဲ့ စကား။ ငယ်တုန်းက ဘယ်အရာမဆို ဝင်ပါချင်၊ သိချင်၊ တတ်ချင်၊ စပ်စုချင်တာလေ။ အဲ့ဒီတုန်းကတော့ လူကြီးတွေ ဘာလို့ အဲ့ဒီစကားပြောတာလဲဆိုတာ စဉ်းစားလို့မရခဲ့ဘူး။ အဲ့ဒီလို အပြောခံရတာကိုလဲ မကြိုက်ဘူး။ နေရာတစ်ကာ အပြစ်မြင်တယ်ပဲ ထင်တာ။ခုတော့ အဲ့ဒီစကားကို ပြောတဲ့လူက ကိုယ်တိုင် ဖြစ်မှန်းမသိဖြစ်လာရော။ အသက်ကြီးလာတာ ကောင်းကို မကောင်းဘူးနော်။ ဟင်း....ထားပါတော့လေ...စိတ်ညစ်စရာတွေ ရေးနေရင် ပြီးမှာကို မဟုတ်တော့ဘူး။

နောက်လဆို သင်္ကြန်ရောက်တော့မယ်။ ကိုယ်တွေကတော့ အဝေးမှာဆိုတော့ သင်္ကြန်နဲ့ မဆိုင်သလို အလုပ်သွားရမယ်။ သင်္ကြန်မကျရတာတောင် ဆယ်စုနှစ်တစ်ခု ရှိတာ့မယ်။ သင်္ကြန်ဝတ်စားဆင်ယင်မှုကလဲ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ဟော့လာသလိုပဲ။ မနှစ်က ဓာတ်ပုံတွေမြင်ရတာ စိတ်မချမ်းသာဘူး...အဲ့ဒီလောက်တောင် သရုပ်ပျက်မယ်လို့ မထင်ထားဘူး။ အကုန်လုံး မူးပြီး မဏ္ဍပ်ပေါ်မှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ တစ်ကယ် မလွယ်ဘူးနော်။ အင်း...ရေးရင်း ရေးရင်း ဘာဆက်ရေးရမလဲ မသိတော့ဘူး။ ဒီမှာပဲ ရပ်လိုက်တော့မယ်။
အားလုံးပဲ ပျော်ရွှင်သောနေ့လေး ပိုင်ဆိုင်နိုင်ကြပါစေ။