Sunday, October 20, 2013

Eye မိတ်ကပ်ဘယ်လိုဖျက်ကြမယ်

အားလုံးပဲ မင်္ဂလာပါ...

ဘလော့်ခ်ပို့စ်တွေ မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ။ ရေးမယ်ရေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့လုပ်နေတာ လနဲ့ကို ချီသွားတာပဲ။ လာလည်တဲ့လူတွေ များလာတဲ့အတွက်လဲ အရမ်းဝမ်းသာပါတယ်။ ဘာလိုလိုနဲ့ View က ၁ဝဝဝ ကျော်သွားပြီ။ ^_^ လာလည်တဲ့သူတွေ အားလုံး ကျေးဇူးပါနော်။

အခုပို့စ်ကတော့ မမများနဲ့ ညီမလေးများအတွက်ပါ။ အခုနောက်ပိုင်း ရန်ကုန်မှာ မိန်းကလေးတိုင်း မျက်နှာတစ်ခုလုံးကို မိတ်ကပ်မလိမ်းသည့်တိုင်အောင် မျက်လုံးကိုတော့ လိုင်နာချယ်လာကြတယ်နော်။ Elise ညီမလေးဆို လိုင်နာမချယ်ထားရင် ကိုယ့်ဟာကိုယ် မှန်ထဲမှာကြည့်ရင် တစ်ခုခုလိုနေသလိုပဲတဲ့။ လိုင်နာဆွဲတာတော့ ဟုတ်ပါပြီ...ဖျက်ရင် ဘယ်လိုဖျက်သလဲလို့ မေးကြည့်တော့ မျက်နှာသစ်ဆပ်ပြာနဲ့ ဒီအတိုင်းဖျက်တယ်တဲ့။ သူငယ်ချင်းတွေကို မေးကြည့်တော့လဲ ဒီအတိုင်းပဲ ဖြေကြတယ်။ သူတို့တွေကတော့ ပြောပါတယ်။ မျက်နှာသစ်ဆပ်ပြာနဲ့ ဖျက်လိုက်ရင် အားလုံးတော့ မပျက်သွားဘူးတဲ့။ အဲ့ဒီတော့ ဆပ်ပြာနည်းနည်းထပ်ထည့်ပြီး မျက်လုံးတဝှိုက်နဲ့ မျက်ခွံကို ထပ်ပွတ်တယ်တဲ့။ သူတို့ကတော့ လုပ်နေကြဆိုတော့ ဘာမှမဖြစ်ပဲ ရိုးနေပြီဆိုတဲ့ ဒီဇိုင်းတွေနဲ့။ စိတ်ထဲမှာကတော့ အောင်မလေးလေး....မျက်နှာတစ်ခုလုံးမှာ မျက်လုံးနားတဝှိုက်က sensitive အဖြစ်ဆုံးနေရာ။ အဲ့ဒီနေရာကိုမှ ဆပ်ပြာနဲ့အသားကုန် ပွတ်နေတော့ ငယ်ငယ်လေးနဲ့ မျက်ခွံတွန့်တော့မှာပဲဆိုပြီး တွေးနေမိတယ်။ သူတို့တွေ ပြောပြီးတာကိုစောင့်ပြီးမှ "ဟဲ့...အဲ့ဒီလိုလုပ်တော့ မျက်လုံးနားတဝှိုက်က အသားအရေတွေ ခြောက်ပြီး မျက်ခွံတွေ စောစောတွန့်ချင်လို့လားလို့" မေးရတယ်။ ဒါတောင် သူတို့က ဆပ်ပြာနဲ့ မသစ်လို့ ဘာနဲ့သစ်ရမှာတုန်းတဲ့။ ခက်တာပဲနော်....ရန်ကုန်မှာ အခုဆို အလှပြင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေ အရမ်းများလာပါပြီ။ တစ်ဆိုင်မဟုတ်တစ်ဆိုင်မှာတော့ မိတ်ကပ်ဖျက်ဆေးရည် ရောင်းလောက်မှာပါ။ တံဆိပ်အလိုက်တော့ စျေးကွာမှာပေါ့။ တချို့တံဆိပ်တွေမှာဆို မျက်နှာအတွက်နဲ့ မျက်စိအတွက်ဆိုပြီး သီးသန့်ထုတ်တဲ့ မိတ်ကပ်ဖျက်ဆေးတွေရှိပါတယ်။ Elise ကတော့ makeup remover  နဲ့ eye makeup remover ဆိုပြီးတော့ သပ်သပ်တော့မထားဘူး။ Makeup remover တွေမှာ အရည်နဲ့လဲ ရှိသလို makeup wipe လဲ ရှိပါတယ်။ ဖျက်ဆေးအရည်နဲ့ကျတော့ ဂွမ်းလိုမယ်။ Wipe နဲ့ဆိုရင်တော့ မျက်နှာတစ်ခုလုံးအတွက် တစ်ရွက်ကုန်ပါတယ်။ (ဒါကလဲ ကိုယ့်မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်အနည်းအများပေါ်မူတည်ပြီး သုံးတာကောင်းမယ်ထင်တယ်နော်...ဥပမာ - မျက်နှာတစ်ခုလုံး မပြင်ပဲ မျက်လုံးပဲချယ်ထားတယ်ဆိုရင် တစ်ဝက်ညှပ်ပြီး သုံးတာတို့ပေါ့)  မိတ်ကပ်ဖျက်ဆေးရည် သုံးမယ်ဆိုရင်တော့ ဂွမ်းအမျိုးအစားကို cotton balls အစား cotton rounds ကိုသုံးရင် မိတ်ကပ်ဖျက်ရတာ ပိုလွယ်ပါတယ်။ စတိုးဆိုင်တွေမှာ ရှာဝယ်လို့ ရမယ်ထင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ အားလုံးရှိပြီဆိုရင်တော့ eye shadow တွေ eye liner တွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုဖျက်ရမလဲဆိုတာလေး ပြောပြမယ်နော်...

မိတ်ကပ်ဖျက်ဆေးအရည်သုံးရင် လိုအပ်တာတွေက -

  • Makeup remover or eye makeup remover
  • Cotton rounds

မိတ်ကပ်ဖျက်ဆေးအရည်ကို ဂွမ်းထဲ လိုအပ်သလောက် စွတ်ပေးပါ။ ပြီးရင် ဖျက်ဆေးရည်စွတ်ထားတဲ့ ဂွမ်းကို မျက်ခွံပေါ်မှာ ၁ဝ စက္ကန့်ကနေ ၃ဝ စက္ကန့်လောက်အထိ လက်ဖြင့်အသာအုပ်ထားပေးပါ။ ဒီလို အုပ်ပေးထားတော့ ချယ်ထားတဲ့ eye shadow တွေ...eye liner တွေ...mascara တွေကို အတင်းကြီး ပျက်အောင်လို့ ဖိပြီးဖျက်ဖို့ မလိုတဲ့အပြင် လက်နှင့် အသာလေးဖိပြီး ဆွဲလိုက်ရင် ချယ်ထားသမျှအားလုံးနီးပါး အလွယ်တကူ ပျက်သွားမှာပါ။ မျက်တောင်အရင်းနားမှာ ကပ်နေတာတွေကိုလည်း သေချာဖျက်ပေးဖို့ လိုပါတယ်။ ဖျက်လက်စ ဂွမ်းနဲ့ပဲ ဖြစ်ဖြစ်၊ နားကျပ်တံလေးကို မိတ်ကပ်ဖျက်ဆေးရည် နည်းနည်းတို့ပြီးပဲ ဖြစ်ဖြစ် အားလုံး ကုန်သွားအောင် ဖျက်ပါ။ ဒီလိုဖျက်ရာမှာ မပျက်ပျက်အောင် အတင်းဖိပြီး ဖျက်တာတွေကိုတော့ ရှောင်သင့်ပါတယ်။ Cotton round သုံးတယ်ဆိုရင်တော့ တစ်ဖက်ကိုသုံးပြီး မလွှင့်ပစ်ပဲ မသုံးရသေးတဲ့ နောက်တစ်ဖက်နဲ့ ကျန်တဲ့ မျက်လုံးမှာ ချယ်ထားတဲ့ လိုင်နာတွေကို ဖျက်လို့ရတာပေါ့။ ဖျက်ဆေးလဲ ထပ်တို့စရာ မလိုသလို...ဂွမ်းလဲ နောက်ထပ်အသစ် ထပ်ထုတ်စရာ မလိုဘူးပေါ့။ Elise က eye shadow သိပ်မသုံးတော့ ဂွမ်းတစ်ဖက်ထဲကို eye makeup ဖျက်ပြီး ကျန်တဲ့ တစ်ဖက်ကိုတော့ မျက်နှာမှာ လိမ်းထားတဲ့ concealer တို့ blush တို့ကို ဖျက်ပါတယ်။ အားလုံး ဖျက်ပြီးသွားပြီဆိုရင်တော့ မျက်နှာသစ်ဆပ်ပြာနဲ့ ပုံမှန် သစ်နေကျအတိုင်းသစ်ပြီး moisturizer လိမ်းပေးပါ။ ဒါကတော့ အသားအရေ ခြောက်သွေ့ မသွားစေဖို့ပေါ့။

ဒါမှ မဟုတ် makeup wipe ပဲသုံးတယ်ဆိုရင်တော့ ကိုယ်နှစ်သက်ရာ brand ပေါ့နော်...ဖျက်တဲ့နည်းကတော့ ဖျက်ဆေးအရည်သုံးပြီး ဖျက်တဲ့နည်းနဲ့ အတူတူပါပဲ။ ဖျက်ဆေးအရည်လဲ မဝယ်ချင်ဘူး....makeup wipe လဲ မသုံးချင်ဘူးဆိုရင်တော့ နောက်ထပ် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ပိုက်ဆံအကုန်သက်သာသလို ထိလဲထိရောက်ပါတယ်။ လိုအပ်တာကတော့ baby oil နှင့် cotton round... ဒါမှမဟုတ် သံလွင်ဆီ (olive oil) နှင့် cotton round ပါ။ ဖျက်နည်းကတော့ အပေါ်မှာ ရေးထားတဲ့ နည်းအတိုင်းပါပဲ။

ဒီနည်းလေးက အားလုံးကို အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။ မိတ်ကပ်တွေ ဖျက်ရတာ အဆင်ပြေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို ဝေမျှဖို့လဲ မမေ့နဲ့နော်။

Bye everyone. Have a nice day.