Saturday, February 2, 2013

စိတ်ထဲရှိတာ


ဘေလော့ဂ်လေးတစ်ခု ဖွင့်ကာစကတော့ တစ်နေ့ပို့စ်တစ်ခုမဟုတ်သည့်တိုင် အနည်းဆုံး တစ်ပတ်ကို ပို့စ်တစ်ခုလောက် ရေးဖြစ်အောင် ရေးမယ်ဆိုပြီး ဖွင့်ခဲ့တာ...ခုတော့ တစ်ပတ်ကို ပို့စ်တစ်ခုမတင်နိုင်တဲ့အပြင် ကိုယ်ပိုင်ဘလော့ဂ်လေးကိုတောင် လာမလည်နိုင်တဲ့အဖြစ် လုံးလုံးကြီးကို ရောက်နေပါရောလားနော်...မနှစ်တုန်းကတော့ စာမေးပွဲပြီးရင် ရေးမယ်ပေါ့...နေ့ရွှေ့ ညရွှေ့နဲ့ လုပ်နေတာနဲ့တင် ၂ဝ၁၂ ကုန်လို့ ၂ဝ၁၃ ဖေဖော်ဝါရီတောင်ရောက်ပြီ။ ခုလဲ နောက်တစ်ပတ် စာမေးပွဲ ၂ခုရှိတာကို စာမလုပ်ပဲ ဘလော့ဂ်ထိုင်ရေးနေတယ်။ အမေသိရင်တော့ ကောင်းကောင်းကြီးကို အဆူခံရပြီတာမှတ်ပဲ (စနေ၊ တနင်္ဂနွေ ၂ရက်ကြီးများတောင် ကျန်သေးတာပဲဟာ...အဲ့ဒီ ၂ရက်မှာ စာလုပ်မှာပေါ့)။ အခုတော့ ပို့စ်လေးတစ်ခုလောက် ရေးချင်တဲ့စိတ်ပေါက်နေလို့ စိတ်ထဲရှိတာ ရေးလိုက်အုန်းမယ်။

ဘယ်ကနေ စရပါ့...........ဟိုးရှေးရှေးတုန်းကပေါ့...ကောင်မလေးတစ်ယောက်ရှိတယ်တဲ့...(စတာ :D )... မှတ်မှတ်ရရ ၂ဝဝ၅ နှစ်ကုန်ခါနီး တစ်နယ်တစ်ကျေးကို ရောက်ခါစက အင်တာနက်ဆိုတဲ့ စကားလုံးကြီးနဲ့ ခပ်စိမ်းစိမ်းပေါ့။ ရန်ကုန်မှာရှိတုန်းကတော့ အင်တာနက်ဆိုင်မှာ chatting လုပ်တာကလွဲလို့ ဘာမှကိုမသိတဲ့ ဘဝမျိုး။ အင်တာနက်ကို ဘယ်လိုသုံးရမှန်းလဲ မသိ။ ဘယ်လို အသုံးချရမယ်မှန်းလဲမသိနဲ့ပေါ့။ အင်တာနက်ဆိုင်သွားတယ်...ဘာလုပ်လဲ? ygnchat မှာ chatting ဝင်တယ်။ တစ်နေ့ကို ၂နာရီနီးပါးလောက်ကို ဝင်တာ။ လူပေါင်းစုံ၊ စိတ်ဓါတ်တွေလဲ ပေါင်းစုံပေါ့။ ကျူကျူစိန်တွေ အီစီကလီတွေကလဲ အများသား။ သူများတွေ chat ထားတာကို chat history ထိုင်ဖတ်တဲ့လူတွေလဲ ရှိတယ်။ chatting မှာ chat အပြင်မှာတွေ့ပြီး ကြိုက်သွားတဲ့သူတွေရှိ။ သူငယ်ချင်းတစ်ယောက်တောင် chatting ကနေ ရည်းစားတစ်ယောက်ရသွားသေးတယ်။ သိပ်မကြာပါဘူး...ပြတ်တာပဲ။ chatting ဝင်တယ်ဆိုလို့ ကျူစိန်လို့တော့ မထင်နဲ့နော်...လာကျူသမျှလူတွေကို ထိုင်ပြီးကလော်တုတ်တာ။ chat ထဲမှာ ကိုယ်နဲ့ တည့်တဲ့လူဆိုတာ ခပ်ရှားရှား။ မှတ်မိပါသေးတယ်...ယူဇာတစ်ယောက်ပဲ။ ချက် နေရင်းကနေ cs play မလားတဲ့ လားမေးတယ်။ ထင်တာက counter strike ပေါ့။ အဲ့ဒါနဲ့ မဆော့တတ်ဘူးလို့ပြောတာ သင်ပေးမယ်တဲ့ဆိုတော့ ဟုတ်ပြီပေါ့။ ကိုယ်ကတော့ ဂိမ်းထင်လို့ အကောင်းမှတ်ပြီး ဆက်ပြောနေတာ။ သကောင့်သားက ဂိမ်းကိုပြောနေတာ မဟုတ်ဘူး။ cyber ___ (ပြောမကောင်းလို့ ဆင်ဆာဖြတ်တယ်) ကိုပြောနေတာတဲ့။ အဲ့ဒီမှာ သေတာပဲ။ လူကပူထူပြီး ၂မိနစ်လောက် ကွန်ပျူတာ ဖန်သားပြင်ကြီးကြည့်ပြီး ကြောင်နေတာ။ ဟုတ်တယ်လေ...တစ်ခါမှ အဲ့ဒီလိုအပြောမခံရဖူးတာ...ကြားလဲမကြားဖူးဘူး။ အဲ့ဒီတုန်းက အရွယ်ကလဲ သစ်ရွက်လှုပ်ရင်တောင် ရယ်ချင်တဲ့အရွယ်ဆိုတော့ ဖြစ်မှာပေါ့။ ဘေးမှာထိုင်တဲ့ သူငယ်ချင်းက စကားလှမ်းပြောမှ သတိပြန်ဝင်။ အဲ့ဒီကနေစပြီးတော့ကို ကလော်တုတ်တော့တာပဲ။ ကလော်တုတ်တယ်ဆိုပေမယ့် ဆဲတာတော့မဟုတ်ဘူးနော်။  ဆဲတော့မဆဲဘူး။ သူများသားသမီးကိုလဲ မဆဲဘူး။ ကိုယ့်ကိုလာဆဲရင်လဲ မကြိုက်ဘူး။ မရိုင်းဘူး။ ဒါပေမယ့် စွာတယ်။ တစ်ဖက်က သကောင့်သားက သူ့ကို ပြန်စွာလို့ လူကို ပြန်ပြောသွားတာများ ယောက်ျားလေးမှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်။ ပြန်ပြောချင်စိတ်တောင် ဘယ်ပျောက်သွားမှန်းမသိဘူး။ နောက်ဆုံးတော့လဲ ကိုယ်နဲ့ အဆင့်အတန်းမတူဘူးပဲ သတ်မှတ်ပြီး ပြောချင်တာပြော ဘေးမဲ့ပေးထားလိုက်တယ်။ အေးရော။ အဲဒီအဖြစ်အပျက်က ဒီမှာတင် တစ်ခန်းရပ်သွားတယ်။

ဒီလိုနဲ့ပဲ သင်တန်းတွေတက်လိုက်။ chatting တွေဝင်လိုက်နဲ့။ တောကနေ မြို့ရောက်လာတယ်ဆိုပါတော့။ တောသူမြို့ရောက်ဆိုတော့ တွေ့သမျှ မြင်သမျှတွေက အထူးအဆန်း။ အင်တာနက်ကြီးကမြန်လို့ သဘောတွေကျလိုက်တာမှ အတိုင်းထက် အလွန်ပဲ။ မြန်မာပြည်အင်တာနက်နှုန်းနဲ့ တော်တော်ကွာတာကိုး။ ကျောင်းကလဲ မတက်ရသေး၊ လုပ်စရာ အလုပ်၊ သွားစရာ နေရာ ကလဲမရှိဆိုတော့ တီဗွီကြည့်လိုက်...စားချိန်တန်ရင် ထမင်းထစားလိုက်...ကွန်ပျူတာဖွင့်ပြီး အင်တာနက်မှာ မြန်မာဖိုရမ်တွေ ဝင်ဖတ်လိုက်နဲ့။ အင်တာနက်သုံးတဲ့အချိန်ကတော့ ပိုများတယ် တစ်နေ့တစ်နေ့ အဲ့ဒီ အဆုံးမရှိတဲ့ စက်ဝိုင်းလို ပတ်ချာလည်နေတော့တာပဲ။ ရန်ကုန်ပြန်ချင်တာမှ တစ်ပိုင်းမပြောနဲ့။ တစ်ကိုယ်လုံးသေတယ်။ ပိုပြောတာမဟုတ်ဘူးနော်။ မြန်မာပြည်နဲ့ ခွဲနေတဲ့၊ ခွဲနေဖူးတဲ့ လူတိုင်း အဲ့ဒီလိုဖြစ်တယ်။ အဲ့ဒီလိုနဲ့ တစ်နေ့တစ်နေ့ အင်တာနက်ထဲ မွှေရင်း၊ မြန်မာဖိုရမ်တွေ ဝင်ဖတ်ရင်း နဲ့ပဲ အင်တာနက်ဆိုတာကြီးနဲ့ တစ်နေ့တခြား ရင်းနှီးလာတော့တာပဲ။ အဲ့ဒီတုန်းက အင်တာနက်နဲ့သာ ရင်းနှီးတာ။ ကွန်ပျူတာကို ကောင်းကောင်းမသုံးတတ်ဖူး။ အခြေအနေက အသက်ကြီးမှ ကွန်ပျူတာကို ဘယ်လိုသုံးရမလဲဆိုတာကို စသင်ကာစ လူကြီးတွေလိုမျိုး။ အဲ့ဒီလောက်ထိ ပိန်းတာ။ ဖိုရမ်တွေမှာလဲ ဝင်ရေးချင်။ မြန်မာလိုကလဲ မရိုက်တတ်။ မြန်မာဖောင့် က နဂိုထဲက စက်ထဲမှာ ထည့်ထားတော့ မြန်မာလိုကတော့ ပေါ်ပါရဲ့။ ခက်တာက လက်ကွက်ကို စက်ထဲမှာ ရှာမတွေ့တော့ ဂွကျရော။ ဘယ်မှာသွား ရှာလို့ရှာရမှန်းကလဲ မသိ။ မေးဖို့လူကလဲ ကွန်ပျူတာ မသုံးတဲ့ လူကြီးတွေကလွဲလို့ ဘယ်သူမှမရှိနဲ့။ နောက်ဆုံးတော့ စာရွက်အလွတ် တစ်ရွက်ယူ။ ကီးဘုတ် ကလက်ကွက်အတိုင်း စာလုံးတွေကို စာရွက်မှာ ချရေး။ မိုက်ခရိုဆော့ဝေါ့ ဖွင့်။ ကွန်ပျူတာ ကီးဘုတ်ကို ဂဏန်း ၁၊ ၂၊ ၃၊ ၄ ကအစ အေ ကနေ ဇက် အထိ ရှစ်ဖ်ကီး မနှိပ်ပဲ အရင်ရိုက်...ထွက်လာတဲ့စာလုံးတွေကို စာရွက်ပေါ်မှာ ပြန်ကူး။ အားလုံးပြီးတော့ နောက်တစ်ခါ အစကနေ ရှစ်ဖ်ကီး နှိပ်...ရှေ့မှာပြောခဲ့သလို ပြန်ကူးနဲ့။ (ရွှေဉာဏ်တော် စူးရောက်တာလေ) အားလုံးလဲပြီးရော ဖိုရမ်ထဲဝင်ပြီး မြန်မာစာရိုက်တာ ကျင့်တော့တာပဲ။ စာရွက်ကြည့်လိုက် စာတစ်လုံးရိုက်လိုက်နဲ့။ ဒီကြားထဲ ကိုယ်ရိုက်ချင်တဲ့ စာလုံးရှာမတွေ့ရင် မြွေကိုက်သေးတယ်။ ဒီလို ဖုတ်လိုက် ဖုတ်လိုက်နဲ့ မြန်မာစာလက်ကွက်ကျင့်ရင်း ဖိုရမ်ဝင်ရေရင်းနဲ့ မြန်မာစာ စာရိုက်တာကျွမ်းလာရော။

ခုတော့လဲ မိသားစုထဲမှာ မြန်မာစာ စာရိုက်တတ်တာ Elise တစ်ယောက်ထဲပဲရှိတယ်။ နိုင်ငံခြားမှာက မြန်မာစာနဲ့ မြန်မာစာ စာစီစာရိုက်က သိပ်အသုံးမဝင်ပေမယ့် သိထား တတ်ထားလဲ မမှားဘူးလေနော့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အသုံးမဝင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ။ Elise ကတော့ ဒီလိုပဲယူဆတယ်။ မြန်မာလို ရိုက်တတ်တော့ တစ်ခါတစ်လေ Google မှာ မြန်မာလို ရှာလို့ရတယ်။ Elise အတွက်ကတော့ ဟင်းချက်နည်း ဘလော့ဂ်တွေ အများကြီး ရှာတွေ့တာပဲ။ မချက်တတ်လို့ ကိုယ်စားချင်တဲ့ ဟင်းနာမည်ကို Google search box မှာမြန်မာလိုရိုက်ပြီး ရှာလိုက်ရင် အများကြီးထွက်လာတာရော။ မကောင်းဘူးလားနော်။ ဟင်းမချက်တတ်တဲ့ Elise လိုလူမျိုးတွေအတွက်ကတော့ အဲ့ဒီ ဘလော့ဂ်လေးတွေက အရမ်းကို အထောက်အကူဖြစ်တယ်။

ရေးတာလဲ တော်တော်ရှည်နေပြီ။ (မရှည်လဲ ရှည်တယ်လို့မှတ်) အချိန်ကလဲ မနက် ၄နာရီထိုးတော့မယ်။ အိပ်သင့်တဲ့ အချိန်တောင် တော်တော်ကြီးကို လွန်နေပြီ။ အဲ့ဒီတော့ ဒီမှာပဲ ပို့စ်လေးကို တစ်ခန်းရပ်တော့မယ်နော်။

ဘလော့ဂ်ကို လာလည်တဲ့ သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြည့်စုံကြပါစေ.....